AGD ဘဏ်မှ Japfa Comfeed Myanmar Pte Limited သို့ ချေးငွေ ၇ ဘီလီယံ ချထားသဘောတူပေးကြောင်း အသိပေးကြေညာချက်
မြန်မာနိုင်ငံရဲ့ငွေကြေးဆိုင်ရာအဖွဲ့အစည်းများထဲမှ ဦးဆောင်လုပ်ငန်းတစ်ခုဖြစ်သော AGD ဘဏ်အနေဖြင့် Japfa Comfeed Myanmar Pte Limited (“Japfa Myanmar”) နှင့် ချေးငွေ သဘောတူညီခြင်းဆိုင်ရာ စာချုပ်တစ်ခု လက်မှတ်ရေးထိုးခဲ့ပါသည်။
ယခု ချေးငွေသဘောတူညီချက်ကိုအခြေခံပြီး Japfa Myanmar သည် မြန်မာနိုင်ငံ တဝန်းလုံးရှိ အစားအသောက် ထုတ်လုပ်ရေးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသော အဖွဲ့အစည်းများကို အထောက်အပံ့ကောင်းများ ယူဆောင်ပေးသွားနိုင်မှာ ဖြစ်ပါသည်။

AGD ဘဏ်၏ Chief Business Officer ဖြစ်သူ ဦးပြည်စိုးထင်မှ “Japfa Comfeed Myanmar Pte Limited နဲ့ သဘောတူလက်မှတ်ရေးထိုးခြင်းက ဘဏ်လုပ်ငန်းနယ်ပယ် မှာ မြန်မာ နိုင်ငံ ဒေသတွင်းရှိ လုပ်ငန်းတွေကိုပိုမိုအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်အောင် ကူညီနိုင်မှာ ဖြစ်တဲ့အပြင် AGD ဘဏ်အတွက်လည်း နောက်ထပ် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခြင်း ဖြစ်စေတဲ့အတွက် ဝမ်းမြောက်စွာနဲ့ ကြေညာလိုပါတယ်။ AGD ဘဏ်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်စီးပွားရေးအတွက် ပဓာနကျပြီး လိုအပ်တဲ့ ဘဏ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံ (Banking Infrastructure) အထောက်အပံ့ပေးနိုင်ဖို့နဲ့ ဒီသဘောတူညီချက် ကနေလည်း သိသာတဲ့အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်တာပါ” ဟုဆိုပါသည်။
Japfa Myanmar ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတဝန်းလုံးရှိ ခေတ်မီလယ်ယာ စိုက်ပျိုး ထုတ်လုပ်မှုမှတဆင့် လူတိုင်းပြည့်ဝလုံလောက်သော အစားအစာများရရှိစေရန်ဖြစ်ပါသည်။ ၄င်းတို့၏ အဓိက စီးပွားရေးလုပ်ငန်းမှာ ကြက်အစာထုတ်လုပ် ဖြန့်ဖြူးခြင်းဖြစ်ပါသည်။ ထို့အပြင် ကြက်သားပေါက်များမွေးမြူရေးအတွက် စီးပွားဖြစ်နှင့် Contract ဝန်ဆောင်မှုတို့တွင်လည်း ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။ Japfa Myanmar သည် Japfa Ltd လက်အောက်ရှိ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး စင်ကာပူ Stock Exchange အောက်တွင် အများပိုင် အဖြစ် စာရင်းသွင်းထားသော ကုမ္ပဏီတစ်ခုလည်းဖြစ်ပါသည်။ Japfa Ltd သည် နှစ်ပေါင်း ၅ဝကျော် အတွေ့အကြုံရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ခေတ်မီ လယ်ယာစိုက်ပျိုးရေး နယ်ပယ်တဝန်းတွင် ဝန်ထမ်းအင်အား ၄၀,၀၀၀ ကျော်ဖြင့် မြန်မာ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် အိန္ဒိယ နိုင်ငံတို့တွင် လည်ပတ်လုပ်ကိုင်နေသော လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။
SHARE THIS